Unicode
ပျက်ကျခဲ့တဲ့ယူကရိန်းလေယာဉ်ရဲ့ Black Box ကို ပြန်ပေးဖို့ အီရန်ငြင်း
Twitter / @nytimes
အီရန်နိုင်ငံတွင်းမှာ ပျက်ကျခဲ့ပြီး လူ (၁၇၆)ဦး သေဆုံးခဲ့တဲ့ ယူကရိန်းလေယာဉ်ပျံရဲ့ Black Box ကို တခြားနိုင်ငံတွေဆီ လွှဲပြောင်းပေးမှာမဟုတ်သေးပဲ အီရန် တာဝန်ရှိသူတွေက အရင်ဆုံး စစ်ဆေးဦးမယ်လို့ တာရန်မှာရှိတဲ့ အီရန်တာဝန်ရှိသူတွေက ထုတ်ဖော်ပြောဆိုလိုက်ပါတယ်။
လေယာဉ်ပေါ်မှာ ပါလာသမျှ လူအားလုံး သေဆုံးခဲ့ရတဲ့ ဒီ လေယာဉ်ပျက်ကျမှုရဲ့ ဖြစ်စဉ်တွေကို Black Box ကနေ ပြန်လည်ကြည့်ရှုပြီး စစ်ဆေးနိုင်မှာဖြစ်ပေမယ့် အီရန်ရဲ့ ပြန်ပေးဖို့ ငြင်းဆန်မှုကြောင့် ကနေဒါ၊ ယူကရိန်း၊ ဆွီဒင်နိုင်ငံတွေရဲ့ တာဝန်ရှိသူတွေ စိတ်ပျက်သွားခဲ့ရပါတယ်။
ဒီလေယာဉ်ပျက်ကျမှုမှာ အီရန်နိုင်ငံသား (၈၂)ဦးအထိ သေဆုံးခဲ့ပြီး ကနေဒါနိုင်ငံသား (၆၃)ဦး ၊ ယူကရိန်းနိုင်ငံသား (၁၁)ဦး ၊ ဆွီဒင်နိုင်ငံသား (၁၀)ဦး ၊ အာဖဂန်နိုင်ငံသား(၄)ဦး ၊ ဂျာမနီနိုင်ငံသား(၃)ဦးနဲ့ ဗြိတိန်က (၃)ဦး ပါဝင်ခဲ့တာပါ။
လေယာဉ်ပျက်ကျမှုမှာ သေဆုံးသူ ဒုတိယအများဆုံးဖြစ်ခဲ့တဲ့ ကနေဒါ နိုင်ငံက ဒီဆုံးဖြတ်ချက်ကို စိတ်ပျက်ပေမယ့် ကနေဒါဝန်ကြီးချုပ် ထရူဒေါ ကတော့ အစိုးရတာဝန်ရှိသူတွေအနေနဲ့ အီရန်အစိုးရနဲ့ ပူးပေါင်းလုပ်ဆောင်မှုတွေ ပြုလုပ်သွားမှာဖြစ်ကြောင်း ထုတ်ဖော်ပြောဆိုထားပါတယ်။
ယူကရိန်းသမ္မတ ဇီလန်စကီး ကလည်း ယူကရိန်းရဲ့ အဓိက ရည်ရွယ်ချက်ဟာ အမှန်တရားကို သိဖို့နဲ့ အဲဒီအပေါ် တာဝန်ယူမှုတွေ ပြုလုပ်သွားဖို့သာ ဖြစ်ကြောင်း ပြောဆိုထားပါတယ်။
ဒါပေမယ့်လည်း အီရန်ရဲ့ သယ်ယူပို့ဆောင်ရေးဝန်ကြီးဌာန ပြောရေးဆိုခွင့်ရှိသူ ဘိုင်နက်ဇ် က ဒီအဖြစ်အပျက်ဟာ လေယာဉ်မှူးအနေနဲ့ လေယာဉ်ကို ထိန်းချုပ်နိုင်စွမ်းကင်းမဲ့သွားတယ်လို့ ယုံကြည်ထားကြောင်းနဲ့ နိုင်ငံတွင်း စစ်ဆေးမှုတွေ ပြုလုပ်လို့မပြီးခင် လေယာဉ်ရဲ့ Black Box ကို ဘယ်နိုင်ငံဆီမှ လွှဲပြောင်းပေးမှာမဟုတ်ကြောင်း ပြောဆိုလိုက်ပါတယ်။
လက်ရှိမှာ အမေရိကန်နဲ့ စစ်ရေးဆိုင်ရာ တင်းမာမှုတွေ ဖြစ်ပေါ်နေတဲ့ အီရန်အတွက်တော့ ဒီအဖြစ်အပျက်က ဆိုးရွားတဲ့ သံတမန်ဆက်ဆံရေးတွေကို ဖြစ်ပေါ်လာစေလိမ့်မယ်လို့ သတင်းတွေက သုံးသပ်နေကြပါတယ်။

0 Comments