တောင်ငူ၊ ဇန်နဝါရီ ၉

ပဲခူးတိုင်းဒေသကြီး ပဲခူးမြို့နယ် ရပ်ကွက်၊ ကျေးရွာများတွင်တပ်ဆင်ထားသည့် အိမ်သုံးလျှပ်စစ်မီတာများကို ဓာတ်တိုင်ပေါ်တွင် တပ်ဆင်ထားခြင်းက အောက်တွင်ထားသည့်ထက် ပို၍အဆင်ပြေနိုင်ကြောင်း ပဲခူးတိုင်းဒေသကြီး လျှပ်စစ်၊ စက်မှုလက်မှုနှင့်လမ်းပန်းဆက် သွယ်ရေးဝန်ကြီး ဦးသန်းဝင်းက ပြောကြားသည်။

ပဲခူးတိုင်းဒေသကြီးလွှတ်တော် ၁၄ ကြိမ်မြောက်ပုံမှန် အစည်းအဝေးတွင် ပဲခူးမြို့ မဲဆန္ဒနယ် အမှတ် (၂) တိုင်း ဒေသကြီး လွှတ်တော်ကိုယ်စားလှယ်၏ အိမ်သုံးလျှပ်စစ်မီတာများကို လူနေအိမ်များတွင် ပြန်လည်တပ်ဆင်ပေးရန် အစီအစဉ် ရှိ/မရှိ မေးမြန်းမှုကို ယင်းကဲ့သို့ ပြန်ဖြေကြားခဲ့ခြင်း ဖြစ်သည်။

“အိမ်သုံးမီတာတွေကို ဓာတ်တိုင်ပေါ်မှာ တပ်ဆင်ထားပြီးဖြစ်တဲ့အတွက် အောက်ပြန်ချရင် ကုန်ကျစရိတ်များတယ်။ အမှားအယွင်းလည်းရှိနိုင်လို့ အခုတိုင်းထားရင် ပိုအဆင်ပြေနိုင်ပါတယ်”ဟု ဝန်ကြီးက ဆက်လက်ပြောကြားသည်။

ယင်းကဲ့သို့ အိမ်သုံးမီတာများကို လူနေအိမ်များတွင် ပြန်လည်တပ်ဆင်လိုသည့်အချက်မှာ ပြီးခဲ့သည့် လေးလကျော်ခန့်က လျှပ်စစ်မီတာခများကို အစိုးရက တိုးမြှင့်ကောက်ခံခဲ့ပြီးနောက်ပိုင်း ပေါ်ပေါက်လာခြင်းဖြစ်ကာ အများစုက သုံးသည့် မီတာယူနစ်ကို ကိုယ်တိုင် မြင်တွေ့လို၍ ဖြစ်သည်ဟု ပဲခူးဒေသခံများထံမှ သိရသည်။

“တိုင်ပေါ်တက်ထားတဲ့အခါ ပွင့်လင်းမြင်သာမှုမရှိဘူး။ နောက်တစ်ချက်က မီတာကနေ အထွက်အဝင်ကြိုးက မှားယွင်းတာမျိုးရှိတယ်။ ကွင်းဆင်းတိုင်း အမြဲတင်ပြနေတဲ့ပြဿနာဖြစ်တဲ့အတွက် အခုလို မေးခွန်းမေးမြန်းရတာပါ”ဟု ပဲခူး မြို့နယ် တိုင်းဒေသကြီး အမှတ် (၂) လွှတ် တော်ကိုယ်စားလှယ်ဦးကျော်မင်းစံက ပြောကြားသည်။

မီတာခကောက်ခံသည့်စနစ်၏ အားနည်းချက်အချို့ကြောင့် မီတာယူနစ်တွက်ချက်မှားယွင်းဖတ်မိသည့်ကိစ္စများကို လိုအပ်သလိုပြင်ဆင်မည်ဖြစ်ပြီး ဓာတ်တိုင်အောက်သို့ ပြန်ချမည့်ကုန်ကျစရိတ်နှင့် မလိုလားအပ်သည့် ကုန်ကျမှုများ ရှိလာနိုင်ခြင်းကြောင့်ဖြစ်သည်ဟု တိုင်းလျှပ်စစ်ဝန်ကြီး ဦးသန်းဝင်းက ဆိုသည်။

လျှပ်စစ်မီတာခများ မြင့်တက်လာပြီးနောက်ပိုင်း ပဲခူးတွင် လျှပ်စစ်မီတာ တပ်ဆင်သည့် ပုံသဏ္ဌာန်နှင့်ပတ်သက်ပြီး လျှပ်စစ်ဓာတ်အားဖြန့်ဖြူးသည့် ရွှေစွမ်းအင်ကုမ္ပဏီကို ဝေဖန်မှုများ များခဲ့သည့်အပြင် သုံးလေးကြိမ်ခန့် ဆန္ဒဖော်ထုတ်မှုများလည်း ပြုလုပ်ခဲ့ကြသည်။

R-15