ယောကျာ်းလေးတစ်ယောက်နဲ့ မိန်းကလေးတစ်ယောက် ချစ်ကြိုက်ကြတဲ့နေရာမှာ အချစ်တစ်ခုတည်းကိုပဲ ဦးစားပေးလို့မရပါဘူး။ ချစ်သူရွေးချယ်တဲ့နေရာမှာ မိန်းကလေးတစ်ယောက်အနေနဲ့ လူကဲခတ်ကျွမ်းကျင်ဖို့က တကယ်အရေးကြီးပါတယ်။ လူတိုင်းမှာ အနည်းဆုံး တစ်ခုထက်ပိုတဲ့ မျက်နှာဖုံးတွေရှိကြတယ်ဆိုတာ မမေ့ပါနဲ့။ မိန်းကလေးတိုင်းအရွေးမမှားစေဖို့ ကိုယ့်ရဲ့လှပတဲ့နှစ်သစ်လေးထဲမှာ ကိုယ့်ကိုယ်ထိခိုက်နိုင်တဲ့ ဒီလိုယောက်ျားလေးမျိုးတွေနဲ့ မတွေ့သင့်ပါဘူးနော်။
ကိုယ်ဘာဖြစ်ချင်တယ်ဆိုတာကို မသိတဲ့သူ

ကိုယ်ဘာဖြစ်ချင်တယ်၊ ဘာလုပ်ချင်တယ်ဆိုတာကိုတောင် ဆုံးဖြတ်ရခက်နေတဲ့ ယောက်ျားမျိုး၊ တွေဝေတွန့်ဆုတ်နေတတ်တဲ့ ယောက်ျားမျိုးကို မရွေးချယ်သင့်ပါဘူး။ ကိုယ်ကိုယ်တိုင်တောင် ဘာဖြစ်ချင်မှန်း ကိုယ်တိုင်မသိတဲ့သူဟာ တစ်ခြားသူတွေရဲ့ ခံစားချက်တွေကိုလည်း နားမလည်နိုင်ပါဘူးနော်။ ဒီလိုယောကျာ်းမျိုးဟာ ကိုယ့်ကိုယ်ဦးဆောင်နိုင်မယ့် ယောက်ျားမျိုးမဖြစ်နိုင်သလို၊ အရာရာမှာ တွေဝေတွန့်ဆုတ်တတ်တဲ့ အကျင့်ကပါလာတတ်ပါတယ်။ ဒါကြောင့် ဒီလိုယောက်ျားမျိုးနဲ့ ဒိတ်မလုပ်သင့်ပါဘူး။
မျက်နှာများတတ်တဲ့သူ
မျက်နှာများတတ်တဲ့သူ၊ ပွေရှုပ်တတ်တဲ့သူတွေကို မိန်းကလေးတိုင်း သဘောမကျတတ်ကြပါဘူး။ ကိုယ့်ထက်လှတာလေးမြင်ရင် ငမ်းချင်တဲ့၊ ကိုယ်ထက်သာတဲ့သူတွေ့ရင် ဘယ်အချိန် ကိုယ့်ကိုယ်ထားခဲ့မလဲဆိုတာကို စိုးရိမ်နေရတဲ့ ယောက်ျားမျိုးကို မရွေးချယ်တာ အကောင်းဆုံးပါပဲ။ ကိုယ့်ချစ်သူဖြစ်သွားတဲ့အခါ သူခြေငြိမ်သွားပြီး တဖြည်းဖြည်းပြောင်းလဲလာပြီး ကိုယ့်တစ်ယောက်တည်းပဲ ချစ်ခင်လာလိမ့်မယ်လို့ထင်နေရင်တော့ ဒါဟာ အရမ်းဝတ္တုဆန်လွန်းပါတယ်။ ဒါကြောင့် မျက်နှာများတဲ့သူကို လက်တွဲဖို့ စိတ်မကူးသင့်ပါဘူး။
သင့်ကို ပြောင်းလဲဖို့ ကြိုးစားတဲ့သူ

အရမ်းစိတ်ပျက်စရာကောင်းတဲ့ အမျိုးအစားဖြစ်ပါတယ်။ ကိုယ့်ကို ချစ်တာထက် သူ့ကိုသူချစ်တဲ့ယောက်ျားလေး အမျိုးအစားဖြစ်ပါတယ်။ အချစ်ဆိုတဲ့စကားကို တဖွဖွပြောပြီး ကိုယ့်ကို သူအကြိုက်ပုံစံ ပြောင်းလဲဖို့ ကြိုးစားတတ်သူတွေပါ။ လူတစ်ယောက်နဲ့ တစ်ယောက်ဟာ ဘယ်လိုမှ အကျင့်စရိုက်အမူအကျင့်တွေ မတူနိုင်သလို၊ တစ်ယောက်ရဲ့ အမူအကျင့်တွေကို တစ်ယောက်က အတင်းပြောင်းလဲဖို့ ကြိုးစားလို့လဲ မရပါဘူး။ ဒီလိုမျိုး ကိုယ့်ကိုယ်သူ့ရဲ့ နယ်ရုပ်လေးလို ပြောင်းလဲချင်တဲ့ သူမျိုးကိုလည်း ဝေးဝေးရှောင်သင့်ပါတယ်။
သင့်ရဲ့ ex
နှစ်ပြန်ကြော်ဆိုတာ အများကြီးစားရင် ရင်ခံပြီး လေပွတတ်ပါတယ်။ အခန့်မသင့်ရင် အစာအိမ်တောင်ထိခိုက်နိုင်တဲ့ အစာကြမ်းဖြစ်ပါတယ်။ ဒါကြောင့် ပြီးပြတ်သွားပြီဖြစ်တဲ့ ကိုယ့်ရဲ့ ex ကို နှစ်ပြန်ကြော်ပြီး ပြန်တွဲဖို့ မစဉ်းစားပါနဲ့။ ကွဲအက်ရာရှိတဲ့ ပစ္စည်းတစ်ခုက အချိန်မရွေး ပြန်ကျိုးပဲ့သွားနိုင်တယ်ဆိုတာ မမေ့ပါနဲ့။ ပြီးဆုံးသွားခဲ့တဲ့ ဇာတ်လမ်းကို ပြန်ဆက်ဖို့ ကြိုးစားပြီး ex ကို ပြန်လက်ခံဖို့ ကြိုးစားတာဟာ အရမ်းကို မိုက်ရူးရဲဆန်တဲ့ အတွေးမျိုးပါ။ ကိုယ့်အပေါ် တန်ဖိုးထားဖို့ မေ့လျော့လို့၊ ကိုယ့်ကိုယ်ပြတ်စဲနိုင်လို့ တစ်ခါထားပြီးခဲ့တဲ့လူက နောက်လည်း ထပ်မထားခဲ့ဘူးဆိုတာ လုံးဝအာမမခံနိုင်ပါဘူး။ ဒါကြောင့် ဒီဇာတ်လမ်း ဒီမှာတင်ရပ်တာ အကောင်းဆုံးပါ
အမြဲတမ်းညီးတွားနေတတ်သူ

သူ့ကိုကြည့်လိုက်ရင် ဘယ်တုန်းကမှ ပျော်ရွှင်တဲ့ပုံစံမပေါက်ပဲ အမြဲတမ်း သုန်မှုန်နေတတ်တဲ့သူမျိုး၊ အမြဲတမ်း စိတ်ညစ်နေတတ်တဲ့ ပုံစံမျိုး ဖြစ်နေတတ်တဲ့ သူမျိုးကို မရွေးချယ်သင့်ပါဘူး။ ဒီလိုယောက်ျားမျိုးဟာ ကိုယ့်ကိုပျော်ရွှင်မှု မပေးနိုင်ဘူးဆိုတာ သေချာပါတယ်။ သူ့ဆီက ကြားလိုက်ရတိုင်း ညီးတွားခြင်းတွေနဲ့ပဲဖြစ်နေတတ်ပြီး အလုပ်မှာဆိုလည်း အဆင်မပြေတာနဲ့၊ ကားကျပ်လို့ စိတ်ညစ်တာနဲ့၊ အိမ်ပြန်နောက်ကျလို့ ဗိုက်ဆာပြီး စိတ်ညစ်ရတာနဲ့ စသဖြင့် သူတစ်ယောက်တည်း ကွက်ကျားမိုးရွာနေပြီး ဇာတ်နာပြနေတတ်ပါတယ်။ ဒီလိုလူမျိုးနဲ့ နေရင်ကိုယ်ပါ စိတ်ကျရောဂါရနိုင်ပြီး စိတ်ထိခိုက်စေနိုင်ပါတယ်။ ဒီလိုယောက်ျားလေးမျိုးနဲ့လည်း ဒိတ်မလုပ်သင့်ပါဘူးနော်။
Khin
Unicode

Unicode
သင့်ရဲ့နှစ်သစ်ထဲကို ဆွဲမခေါ်သင့်တဲ့ ဒိတ်မလုပ်သင့်တဲ့ ယောကျာ်းလေးအမျိုးအစားများ

0 Comments