ကယ်လီဖိုးနီယားက ဘီလာနဲ့ စပန်ဆာဆိုသူ ဇနီးမောင်နှံနှစ်ဦးဟာ စတုရန်းပေ (၃၀၀) အကျယ်အ၀န်းရှိတဲ့ ဘီးတပ်အိမ်ကလေးထဲမှာ နေထိုင်ပါတယ်။ အိမ်လေးထဲမှာတော့ အခန်း (၈) ခန်းပါဝင်ပါတယ်။ အိမ်ကသေးပေမယ့် မီးဖိုဆောင်၊ ရေချိုးခန်းပါ အိပ်ခန်း၊ ဗီရိုနဲ့ ကလေးဆော့တဲ့နေရာတွေလည်း ရှိပါတယ်။
ဒီအိမ်လေးကိုတော့ Insider သတင်းဌာနကနေတဆင့် တွေ့ရှိခဲ့ရတာ ဖြစ်ပါတယ်။ ဘီလာတို့ဇနီးမောင်နှံက အိမ်လေးထဲမှာ လွန်ခဲ့တဲ့(၂၀၁၇) ခုနှစ်ကစလို့ နေထိုင်ခဲ့တာပါ။
အစတုန်းကတော့ သူတို့ဇနီးမောင်နှံက အခုလို ရွေ့လျားအိမ်သေးသေးလေးနဲ့ နေတာမဟုတ်ပါဘူး။ ဒါပေမယ့် အတည်တကျနေထိုင်ရတဲ့ အိမ်ငှားစရိတ်က ဈေးကြီးလွန်းတာရယ်၊ ခရီးလည်းထွက်ချင်တာရယ်၊ ကိုယ်ပိုင်စီးပွားရေးလုပ်ငန်းလည်း စတင်ချင်တာရယ်ကြောင့် အိမ်လေးတစ်အိမ် ဆောက်ဖြစ်ခဲ့တာပါ။
အိမ်လေးကို ကယ်လီဖိုးနီးယားက ဆန်တာခရုဇ်တောင်တန်းတွေပေါ်မှာ ဆောက်လုပ်ဖို့ ဆုံးဖြတ်ခဲ့ပါတယ်။ အိမ်လေးဟာ ရွေ့လျားအိမ်လေးဖြစ်ကာ ဘီးလုံးလေးတွေ တပ်ထားပါတယ်။
ဒီလိုအိမ်မျိုးဆောက်ဖို့ ဘီလာတို့ဟာ (၆) လကြာ အချိန်ယူခဲ့ရပါတယ်။ ဘီလာကတော့ “… ကျွန်မတို့က အိမ်ကို စတူဒီယိုပုံစံမျိုးကြီးလည်း မဖြစ်စေချင်ဘူး။ ဘာလို့လည်းဆိုတော့ ပျင်းစရာကောင်းမှာစိုးလို့။ အိမ်ထဲမှာတော့ မီးဖိုဆောင်၊ ကလေးရဲ့ အိပ်ခန်း၊ ကလေးကစားတဲ့နေရာတွေလည်း ပါပါတယ်။ စတုန်းပေ (၃၀၀) လောက်ရှိတဲ့ အိမ်လေးထဲမှာရှိတယ်လို့တောင် မထင်ရဘူး….”လို့လည်း ပြောပြပါတယ်။
အိမ်လေးကို အတတ်နိုင်ဆုံး သဘာဝကျကျလေးဖြစ်အောင် သူမတို့က ပြင်ဆင်ထားခဲ့ပါတယ်။ အခန်းတွေရဲ့ အရောင်ကိုတော့ မြေကြီးဆန်ဆန် အရောင်တစ်ရောင်တည်းကိုသာ သုံးထားခဲ့တာ ဖြစ်ပါတယ်။ အခန်းတွေကို လုံးဝချည်း ကျားဆန်တဲ့အရောင်၊ မဆန်တဲ့ အရောင်တွေကို မသုံးထားပဲနဲ့ မျှတစွာ သုံးထားပါသေးတယ်။
လင်းလင်း (ShweMom)
0 Comments